Friday, February 5, 2010

အဖေသို့ တောင်းဆိုခြင်း

အဖေ

ဆိုးမိုက်နေပါစေ
အဖေဟာ အဖေပါ။

အဖေ့ကျေးဇူးတွေဟာ
မြင့်မိုရ်တောင်ထက်မက
မြင့်မားတယ်တဲ့။

မြင့်မိုရ်တောင်ဆိုတာ
သားနဲ့သမီးမမြင်ဖူးပါဘူးအဖေ။

ဒါပေမဲ့ အဖေ့ကျေးဇူးတရား
အဖေ့မေတ္တာကြောင့်
ပုံရိပ်ဖေါ်လို့ ရနိုင်ပါတယ် အဖေ။

သမုဒ္ဒရာရေပြင် မ,ကလည်း
အဖေ့ကျေးဇူးတွေဟာ ကျယ်ပြောတယ်တဲ့။

အဖေ့ရောဂါတွေ ဘယ်လောက်ကျွမ်းနေပါစေ
အဖေချစ်တဲ့ သမီးတွေ မြင်ရတော့
အဖေ ရောဂါတွေ ပျောက်ခဲ့တယ်လေ
အဖေအသိဆုံးပါ အဖေရယ်။

အဖေ့မေတ္တာတွေ အဖေ့ကျေးဇူးတွေ
ဘယ်လောက် ကျယ်ပြောတယ်ဆိုတာ
ပင်လယ်ပြင်က အရူံးပေးပြီးသားပါ အဖေ။

ခုတော့ အဖေရယ် ....
အဖေချစ်တဲ့သမီးတွေကို နှုတ်ဆက်စကား
လေးတောင် မပြောပဲ စိမ်းကားပစ်ခဲ့တယ်။

နောက်ဘ၀တွေများ သားနဲ့သမီးတို့ရဲ့
အဖေဖြစ်ခဲ့ရင်လေ သားတခုလောက်
ပြောပါစေနော်.....

ဘယ်တော့မှ အရက်ကို မခင်တွယ်
ပါနဲ့နော့် အဖေရယ်။

သားတို့ သမီးတို့ထက် ပိုမချစ်လိုက်ပါနဲ့နော်လို့
အဖေ့ကို မမြင်ဘူးလိုက်တဲ့ သား
တောင်းဆို ကန်တော့လိုက်ပါတယ် အဖေရယ်။

Thursday, February 4, 2010

အရမ်း စိတ်ပူမိတယ်

သင်ဇာ

ကျေးဇူးရှင် အဖေရဲ့နောက်ဆုံး ခရီးမှာ
သောကတွေ အရှိန်ပြင်းပြ၊ မျက်ရည်တွေ
တဟုန်းထိုးကျနေချိန် သင်ဇာ အနားမှာ
အကိုလေ ရှိနေချင်လိုက်တာ။

အကို စိတ်အစဉ်တွေ သင်ဇာဆီမှာပဲ
ရောက်ရောက်နေမိတယ်။ ဘယ်လို
နေလဲ၊ ဘာတွေလုပ်နေလဲ။ သင်ဇာ
ဘယ်လို ခံစားနေရလဲ အတွေးပေါင်း
များစွာရဲ့ အလယ်မှာ အကိုနေနေရတယ်။

ညီမငယ်ဆီကို စိတ်ရောက်တော့လည်း
အဆင်ပြေရဲ့လား။ ဘယ်ကိုရောက်နေလဲ
သိချင်လာတော့ ဖုန်းဆက်မိတယ်။

ပင်ပန်းသွားလို့ ထင်ပါရဲ့ အကိုဖုန်းဆက်
တဲ့အချိန် အိပ်ပျော်နေတယ်။ မနက်တခါ
ဆက်လိုက်တော့ ကားက မြို့ကိုဝင်နေပြီ
တဲ့။ ညီမငယ်အသံကို ကြားလိုက်ရတော့
စိတ်အေးသွားတယ်။

အကိုလေး စိတ်တွေ ဂဏာမငြိမ်ဖြစ်နေတယ်။
ခု နေ့လယ် အဖေ့ဈာပနအချိန် နီးလာပြီလေ။
အကို သင်ဇာအနားမှာ ရောက်နေတယ်။

ယူကျုံးမရတဲ့ စိတ်တွေနဲ့ ငိုနေတဲ့ သင်ဇာကို
အကို မြင်ယောင်နေတယ်။ အကိုလေ ဘယ်လို
နှစ်သိမ်မှုတွေ ပေးပြီး သင်ဇာ မျက်ရည်တွေ
တိတ်စေနိုင်မလဲ။

ငိုချလိုက်ပါ သင်ဇာရယ်လို့ပဲ အကိုပခုံးပေါ် မှီထားပြီး
သင်ဇာကို တ၀ကြီး ငိုခိုင်းလိုက်ချင်ပါတယ်။

ခုတော့ အဝေးကနေပဲ အတွေးသံသရာလည်ကာ
အကို အရမ်း စိတ်ပူနေရပါတယ် ချစ်သူရယ်။

Wednesday, February 3, 2010

ရွှေမြင့်မိုရ် ပြိုသောနေ့

သင်ဇာ

ဒီနေ့ (ဖေဖ၀ါရီသုံးရက် ၂၀၁၀) အကိုတို့ဆီ ညပေါ့။
သင်ဇာတို့ဆီ ဖေဖ၀ါရီလေးရက် ၂၀၁၀-ခုနှစ်သင်ဇာ
နဲ့ထပ်တူ ရင်တုန်းအောင် ခံစားရ၊ မြင့်မိုရ်တောင်ကြီး
တခု ပြိုလဲကျသွားတဲ့ နေ့တနေ့ပေါ့။ အကိုစိတ်ထဲမှာ
နေရတာလေးနေပြီး၊ သင်ဇာဆီကို ဖုန်းအရမ်းဆက်ချင်
နေတယ်။ သင်ဇာတစ်ခုခုဖြစ်တိုင်း အကိုမှာ စိတ်ထဲက
အလိုလိုသိနေတယ်။ ဘာလဲဆိုတာမသိပေမဲ့တခုခုဆိုတာ
တော့ အသေချာသိနေတယ်။ အကိုသင်ဇာရုံးလာနိုင်တဲ့
အချိန်ကိုစောင့်နေပြီး အကိုဆက်လိုက်တာသင်ဇာကို
တွေ့မယ်ဘဲထင်နေတာပေါ့။ နောက်မှ ညီမလေး တစ်ယောက်က
မသင်ဇာ အရေးပေါ်ကိစ္စကြောင့် ရွာပြန်သွားပါတယ်တဲ့။ အကို
ခေါင်းကြီးသွားတယ်။ စိတ်ပူသွားတယ်။ အဲဒါနဲ့ ဖုန်းကိုင်တဲ့
ညီမလေးကို သေချာမေးကြည့်တယ်။ ဘာအရေးကြီးတဲ့
ကိစ္စလည်း မသိဘူးလားလို့မေးတော့ နာရေးကိစ္စပါတဲ့။
အကို အလိုလို သိလိုက်တယ်သင်ဇာ။ အဖေတော့ဆုံးပြီလို့။
ဒါပေမဲ့ အကို အဖေလို့ မထင်သေးပါဘူး။ သိရသလောက်
သတင်းကိုပြောပြပါလို့ ထပ်မေးတော့ အကိုကဘယ်သူလဲတဲ့။
အကိုက နေလင်းထွန်းပါလို့ပြောလိုက်တော့ အကိုကိုသိပြီတဲ့
အမ သူ့အဖေဆုံးလို့ ခုပဲရုံးကနေ ရွာပြန်ဖို့ ပြန်သွားတာတဲ့။
အကို အရမ်းကိုတုန်လှုပ်သွားတယ်။ သင်ဇာဘယ်လောက်
ခံစားရမလဲဆိုတာ အကို အလိုလို သိလိုက်တယ် သင်ဇာ။
ဒါနဲ့ အကို မကြီးရဲ့ ဖုန်းကို ခေါ်လိုက်တာ ချက်ခြင်းပဲ။

သင်ဇာနဲ့တွေ့မယ်လို့ မထင်ထားဘူး။ မကြီးကို အခြေနေ
အကြောင်းစုံသိချင်တာရယ် သင်ဇာနဲ့ဘယ်လိုဆက်သွယ်ရ
မယ်ဆိုတာရယ် မေးချင်လို့ ဆက်လိုက်တာ။ ကံကောင်း
တော့ သင်ဇာနဲ့တွေ့လိုက်ရတယ်။ အရမ်း စိတ်ထဲ ပျော်သွား
တယ် သင်ဇာ။ သင်ဇာ ငိုနေတဲ့ အသံကိုကြားရတော့ အကိုပါ
ငိုချင်လာတယ် သင်ဇာ။အကို ငိုတာ သိရင် သင်ဇာ ပိုဆိုးမှာ
စိုးလို့ သင်ဇာကို အားပေးစကားပြောပြီးစိတ်ထိန်းထားရတယ်။
သင်ဇာစိတ်ထဲမှာအတိုင်းဆမရှိ ရင်ထဲမှာ ပူလောင်မှု
သောကတွေ ခံစားနေရမယ်ဆိုတာ အကိုသိတယ် သင်ဇာ။
အဖေကလေအကိုတို့ မင်္ဂလာဆောင်တဲ့ထိတောင် နေမသွားဘူး။
အကို မမြင်လိုက်ရတော့ဘူးပေါ့။ အကိုတကယ် အဖေ့ကို အကို့ရဲ့
အဖေရင်းလိုပဲ မမြင်ဘူးပေမဲ့သံယောဇဉ်ရှိပါတယ်။ တကယ်တော့
အဖေဟာ သူချစ်တဲ့ အရက်ကြောင့်ပဲ သူချစ်တဲ့ သမီးတွေကို
ထားသွားခဲ့တယ်။ အဖေရယ် အဖေ့သမီးကြီးကို ကျနော်
ယုယကြင်နာစွာနဲ့ချစ်ပြီး စောင့်ရှောက်ပါမယ်။ အဖေစိတ်ချ
သွားပါ အဖေလို့ အကို အဝေးကနေသင်ဇာနဲ့ အတူ အဖေ့ကို
ကန်တော့လိုက်ပါတယ်။